ထန်းတပင်(ပဲခူး) ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရေကျော်ကျေးရွာတွင် နည်းပညာဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးခင်မောင်လွင်က ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်း ညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဘုန်းကျော်က မွေးမြူရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံ တောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)