ပခုက္ကူ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ပခုက္ကူမြို့နယ်အတွင်းရှိ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က မြို့နယ်အတွင်းရှိ ဒေသထွက်ကုန်သီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သည်ပွဲစားများအသင်း တာဝန်ရှိသူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေးနှင့် ဆီထွက်သီးနှံဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးကြရေး၊ ကျေးလက်နေတောင်သူများ၏ စိုက်ပျိုးနှင့် မွေးမြူရေး လုပ်ငန်းကဏ္ဍများအလိုက် ထုတ်လုပ်မှုအရည်အသွေး မြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်ဒေသများအကြား လူမှုစီးပွားဘဝကွာဟချက်များ ဟန်ချက်ညီလာစေရေး၊ ဒေသတွင်းရေရှည် တည်တံ့ခိုင်မြဲမည့် ကုန်သည်နှင့်စက်မှုလက်မှု လုပ်ငန်းရှင် အသင်း ဖွဲ့စည်းထူထောင်နိုင်ရေး၊ တိုင်းဒေသကြီးအဆင့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ သီးနှံကုန်စည်ဒိုင်များအလိုက် ကိုယ်စားလှယ်များ စနစ်တကျ စိစစ်ရွေးချယ်ပေးပို့ ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အလေးထားပူးပေါင်း ဆောင်ရွက်ကြရေးတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်း တာဝန်ရှိသူများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များက ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ဒိုင်များဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးသီးနှံများအလိုက် ထွက်ကုန်အရည်အသွေး မြင့်မားတိုးတက်စေတို့အတွက် လိုအပ်သည့် ပံ့ပိုးပေးမှုများနှင့် လုပ်ငန်းများ အကြောင်းတို့ကို အသီးသီးဆွေးနွေးတင်ပြကြရာ စီးပွားရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ စားသုံးသူ ရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းနှင့်တာဝန်ရှိသူများ၊ ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကုန်သည်ပွဲစားများ အသင်းတာဝန်ရှိသူများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)