မောင်တော ဇူလိုင် ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် မိမိတို့ရုံးများရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်း နေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား ရှေးဦးမီးသတ်ဆေးဘူးဖြင့် ဆီမီးငြိမ်းသတ်မှုပြသခြင်း၊ အဝတ်စိုဖြင့် ဖုံးအုပ်မီးငြိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့လေ့ကျင့်စေခြင်းများအား ဆောင်ရွက်စေခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး