ပွင့်ဖြူ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲစာရင်းများ တိကျမှန်စေရေး အတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ် နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့ကစတင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆော့ဖ်ဝဲလ်နည်းပညာအသုံးပြုပြီး အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) များ တိုက်ဆိုင်စိစစ်၍ စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင်(၁၈)ရက်နေ့မှစပြီး ရက်ပေါင်း (၃၅)ရက်အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရကာ တစ်မြို့နယ်လုံးအနေဖြင့် စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း ၃၆၉၀၀ စုရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ဆော့ဖ်ဝဲလ်အသုံး၍ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပါ အချက်အလက်များ ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် တာဝန်ရှိသူများက စာရင်းမှားယွင်းမှုမရှိစေရေးအတွက် အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်(၁၈)ရက်နေ့မှ ယနေ့အထိ အိမ်ထောင်စုပေါင်း ၃၈၀ အား လူဦးရေ ကျား/မ စုစုပေါင်း ၁၆၆၄ ဦး ဖြည့်သွင်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး နေ့စဉ်ဖြည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)