ဖြူး ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် တိရိစ္ဆာန်များအတွက် အကျိုးရှိစေသော အစားအစာများဖြစ်သည့် တိရိစ္ဆာန်အစာပင် နေပီယာမြက်များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖြူးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများက ၂၀၂၂-ခုနှစ် မိုးရာသီ ကာလအတွင်း စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်ရန်အသိပညာပေးခြင်းများကို ဆောင်ရွက်နေလျက် ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နေပီယာမြက်၏အကျိုးကျေးဇူးများမှာ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အစာအဟာရလုံလောက်စွာ ရရှိစေပြီး အသားဓါတ်ကြွယ်ဝစေခြင်း၊ အစာရှားပါးသည့် နွေရာသီတွင် ခြံလှောင် မွေးမြူ ရိတ်ကျွေးနိုင်ခြင်းနှင့် ပိုလျှံသော နေပီယာမြက်များကို အစာချဉ်ဖတ် ပြုလုပ်၍ ကျွေးမွေး နိုင်စေသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်စေခြင်း၊ ဖြစ်ထွန်းမှုများပြီး အစာကုန်ကျစရိတ် လျော့ချနိုင်စေကာ စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့် မွေးမြူရေးလုပ်ငန်းမှ အမြတ်အစွန်း များစွာရရှိစေရေး အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
နေပီယာမြက်သည် အပင်မြင့်မျိုးဖြစ်ပြီး အုံလိုက်ပေါက်ကာ စိုက်ခင်းတွင်(၅)နှစ်မှ(၆)နှစ်အထိ ပေါက်နိုင်သည့်နှစ်ရှည်ခံပင်ဖြစ်သည်။ ကြံကဲ့သို့ပင်စည်တုတ်၍ အပင်မြင့်ကာ အရွက်ကြီးခြင်း၊ နုညံ့ခြင်း၊ အမွှေးပါးပြီး အရွက်မကြမ်းခြင်း စသည့်အရည်အချင်းများရှိကာ ကျွဲ၊ နွား၊ တိရိစ္ဆာန် များအား အစာစိမ်းအဖြစ် ခုတ်စင်းကျွေးလေ့ရှိကြောင်းနှင့် နေပီယာမြက်တစ်ဧကလျှင် တစ်နှစ်လျှင် တန်(၁၀၀)ကျော်ထွက်ရှိကာ နို့စားနွားမ(၁၀)ကောင် မွေးမြူကျွေးမွေးနိုင်ကြောင်း သိရသည်။
စိုက်ပျိုးပုံမှာ အပင်အား ကိုင်းဖြတ်စိုက်ပျိုးမှုများပြီး အဆစ်(၂)ဆစ်ရှိအပိုင်းအား တစ်ဆစ်မြေမြုပ်တစ်ဆစ် မြေပျက်နှာပြင်ဖော် စောင်းလျှက် ကြက်ခြေခပ်ပုံထားစိုက်ပျိုးရာတွင် အတန်းကြား (၈၀)စင်တီမီတာခန့်၊ အပင်ကြား(၄၀)စင်တီမီတာခန့် စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ထိုသို့ မွေးမြူရေးသမားများအတွက် အကျိုးရှိစေသည့် နေပီယာမြက်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးသရုပ်ပြသခြင်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ဖြူးမြို့နယ်အတွင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စိုက်ပျိုး၊မွေးမြူရေးသမားများ၊ တောင်သူများအနေဖြင့် စိုက်ပျိုးထားရှိမှာ(၁၃.၅)ဧကခန့် စိုက်ပျိုးနေလျက်ရှိကြောင်းနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်