မုံရွာမြို့ ကန်သာယာအနောက်ဘက်ကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး စက်ယန္တရားကြီးများအသုံးပြုဆောင်ရွက်

 မုံရွာ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မုံရွာမြို့ ကန်သာယာ အနောက်ဘက်ကန်သာယာ ဖွံ့ဖြိုးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် စက်ယန္တရားကြီးများကို အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံက သိရသည်။

မုံရွာမြို့ကန်သာယာ၏ အလယ်တွင် မုံရွာ - ဘုတလင်သွား ဗိုလ်ချုပ်ကားလမ်းမတစ်ခု ရှိပြီးကားလမ်း၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့ရှိ ကန်သာယာဧရိယာ ပတ်ဝန်းကျင် သာယာစိုပြေရေး၊ အရှေ့ဘက်ကန် အဆင့်မြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အနောက်ဘက်ကန်သာယာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုနှစ် မတ်လဆန်းကစ၍ ဆောင်ရွက်လျက်ရှိရာ ရှေးဦးစွာ ၅၂၂၇၂၀၀ ကုဗပေရှိ မူလရေများကို အင်ဂျင်ပန့်သုံး၍ အရှေ့ဘက်ကန်သာကန်သို့ ရေစုပ်ထုတ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ပျမ်းမျှအနက် ၄ ပေတူးဖော်၍ ကျင်းပေါင်း ၆၆၂၁၁ ကျင်းခန့် တာဘောင်မြေဖို့ခြင်း၊ မြေညှိခြင်းနှင့် စက်ကြိတ်ခြင်းတို့ကို စက်ယန္တရားကြီးများအသုံးပြု ပြီးဆောင်ရွက်ခဲ့ပြီး အလားတူ ကန်၏အတွင်းပတ်လမ်းဧရိယာ ၅.၅ ဧက အဆင့်မြှင့်တင်ဖော်ဆောင်လျက်ရှိပြီး ကန်အတွင်း၌ ၁.၅ ဧကခန့်ရှိကျွန်းတစ်ကျွန်းနှင့် ၀.၇၅ ဧကခန့်ကျွန်းတစ်ကျွန်း စုစုပေါင်း ၂.၂၅ ဧကကျယ်ဝန်းမည့် ကျွန်းနှစ်ကျွန်းကို ဖော်ဆောင်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးလျက်ရှိပြီးဖြစ်ကြောင်း သိရသည်။

အနောက်ဘက်ကန်အကျယ်အဝန်းမှာ ယခင်က (၄၃.၅) ဧကနှင့် အနက် ၇ ပေရှိပြီး မူလသိုလှောင်ရေပမာဏ ဂါလံ ၂.၁၂ သန်းထိသို‌ လှောင်နိုင်ကြောင်း၊ ယခုအခါ ပြည်သူများ စိတ်အေးချမ်းစွာအပန်းဖြေနားနေနိုင်မည့် ကျွန်းနှစ်ခု ဖော်ဆောင်လျက် ကျန်ရှိသည့် ကန်ရေပြင်အကျယ်အဝန်း (၃၅.၇၅) ဧကကန်ရေပြင်အား မူလကထက် အနက်(၄)ပေ ထပ်မံတူးကာ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပတ်လမ်းနှင့်ကျွန်းများ‌ဆောင်ရွက်ပြီးပါက သိုလှောင်မှုရေပမာဏမှာ ဂါလံပေါင်း ၂.၇၄ သန်းခန့်ရှိလာမည်ဖြစ်၍ မူလထက် သိုလှောင်နိုင်မည့်ရေပမာဏ ၀.၆၂သန်း ပိုမိုရရှိလာမည် ဖြစ်ကြောင်းသိရပြီး ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ အေးချမ်းစွာ အနားယူ အပန်းဖြေနိုင်မည်ဖြစ်ပြီး ဒေသတွင်းခရီးသွားလုပ်ငန်းများလည်း ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကန်သာယာအရှေ့ဘက်ကန်၏ မြောက်ဘက် ကန်ပတ်လမ်းအား အလျားအရှည် - ၄၅၅၀ ပေ၊ အကျယ် - ၁၈ ပေ၊ ထု ၃ လက်မခွဲရှိ နိုင်လွန်ကတ္တရာလမ်းအား ငွေကျပ်- ၄၂၉.၂၂ သန်းဖြင့်လည်းကောင်း၊ စံပြလမ်းအား အရှည် - ၂၇၀၀ ပေ၊ အကျယ် - ၁၈ ပေ၊ ထု ၃ လက်မ ခွဲ နိုင်လွန်ကတ္တရာလမ်းအား ငွေကျပ် - ၁၇၂.၆၄ သန်းဖြင့်လည်းကောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လည်း နိုင်လွန်ကတ္တရာလမ်း ၂၂ လမ်း၊ ကတ္တရာ - ၁၄ လမ်း၊ ကွန်ကရစ် - ၁၅ လမ်း၊ ကျောက်ချောလမ်း - ၂၂ လမ်း၊ စုစုပေါင်း - ၇၃ လမ်း၊ လမ်းအရှည်မိုင် ၁၉ မိုင်၊ ၁.၆၃ ဖာလုံနှင့်တံတား- ၇၂ စင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)