ဖျာပုံ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ဒေသအတွင်းရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော စက်ချုပ် သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း (၂/၂၀၂၂) သင်တန်း တွင် တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူ (၅၃)ဦးရှိသည့်အနက် ထူးချွန်သင်တန်းသူ တစ်ဦးကို သင်တန်းကျောင်းမှ အပ်ချုပ်စက် (၁)လုံးအား ထောက်ပံ့ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူနှင့် တာဝန်ရှိ သူများက သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူ များက လက်ခံရယူပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုစက်ချုပ် သင်တန်းများကို ဘဏ္ဍာရေးနှစ် ၁ နှစ်လျှင် သင်တန်း ၈ ကြိမ်စဉ် ဆက်မပြတ်ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)