ဟင်္သာတ ဇူလိုင် ၂၂
ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက Talk Show ဆွေးနွေပွဲ ကျင်းပပြုလုပ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဟင်္သာတမြို့နယ် စားသုံးသူရေးရာ ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်၍ မိတ်ဆက်ဆွေးနွေးပြီး ယခုလက်ရှိ ပြဋ္ဌာန်းထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်စည်နှင့် ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် စားသုံးသူများ ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ ပုဒ်မ ၇၃ အရ စီးပွားရေး လုပ်ငန်းရှင် မည်သူမဆို ပုဒ်မ ၆၇ နှင့် ၆၈ တို့ပါ (ကုန်အညွှန်း) တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ၂ နှစ်ထက် မပိုသော ထောင်ဒဏ်၊ သိန်း(၂၀၀) ထက်မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ် လုံးကို ချမှတ်အရေးယူနိုင်ကြောင်းများနှင့် မိမိတို့ဌာနအနေဖြင့် မြို့နယ်ထွေအုပ်၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ နယ်မြေခံအုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ စက်သုံးဆီရောင်းချမှုအပေါ် ကြီးကြပ် ဆောင်ရွက်နေမှု စသည့် အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စာပေဆွေးနွေးပွဲများ၊ အသိပညာပေး Talk Show ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ လူငယ်များနှင့် ပတ်သက်သော သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ