ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဒေးဒရဲ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ​ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံနိုင်မည့် နေရာများနှင့် ရေဝပ် နေရာများ လူအင်အား၊ စက်ယန္တရားများနှင့် ဖော်ထုတ်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း ဦးဆောင်၍ ဝန်ထမ်းများက အဖွဲ့ပိုင် ယာဉ်ယန္တရားများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေး ဖော်ထုတ် ရှင်းလင်းခြင်း၊ လူနေထူထပ်သည့် လမ်းများရှိ ယာဉ်ယန္တရား မဝင်နိုင်သည့် နေရာများအား လူအားဖြင့် ဖော်ထုတ်ရှင်းလင်းပေးလျက်ရှိကြောင်း သိရပြီး ထွက်ရှိအမှိုက်များ အားလုံးကို အဖွဲ့ပိုင်ယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အေဇာလင်း