သုံးစွဲသူနည်းလာသဖြင့် မြို့သစ်မြို့ရှိ ပန်းပဲဖိုလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်လာ

မြို့သစ် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ မြန်မာ့ရိုးရာလက်မှု့ပညာတစ်ခုဖြစ်သည့် ပန်းပဲလုပ်ငန်းမှာ အသုံးပြုသုံးစွဲသူ နည်းပါးလာပြီး ပန်းပဲလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်လာကြောင်း မြို့သစ်မြို့ရှိ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ များထံက သိရသည်။

မြို့သစ်မြို့ပေါ်တွင် တစ်ချိန်က ပန်းပဲ ဖို (၇) ဖိုခန့်ရှိခဲ့ပြီး၊ ပန်းပဲဖိုများမှ ဓါးနှင့် လယ်ယာသုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။  

"မြို့သစ်ဆိုတာ တစ်ချိန်က ပန်းပဲဖိုထွက်ပစ္စည်းတွေဖြစ်သည့် ကပ်ကြေးနဲ့ ကိုင်းရမ်းဓား နာမည်ကျော်ခဲ့တဲ့ ဒေသဖြစ်ပါတယ်၊ မြို့သစ်ကထွက်တဲ့ ကပ်ကြေး၊ ကိုင်းရမ်းဓားကို (၁၀)နှစ်လောက် အာမခံတယ်၊ ပန်းပဲဖိုတွေကလည်း တစ်လက်ဆို တစ်လက် ခိုင်ခန့်အောင် ပြုလုပ်ပြီး အာမခံနဲ့ ရောင်းချပေးတယ်။ ယခုနောက် ပိုင်း ကပ်ကြေးတစ်လက်ကို (၂၀၀၀/၂၅၀၀)လောက်နဲ့ အသင့်သုံးလို့ရတဲ့ ပစ္စည်းတွေဝင်လာတော့ အာမခံနဲ့ ပြုလုပ်ရောင်းချတဲ့ ပစ္စည်းတွေကို သုံးစွဲသူနည်းလာခဲ့တယ်။ ပန်းပဲဖိုထွက် ကပ်ကြေးတစ်လက်ကို (၅၀၀၀)ကျပ်မှ (၇၀၀၀/၈၀၀၀)ကျပ်ဝန်းကျင်ထိ‌ဈေးရှိပါတယ်။ ပန်းပဲဖိုတွေမှာ ထင်း၊ မီးသွေးကုန်ကျစရိတ်၊ အလုပ်သမားစရိတ်နဲ့ တွက်ခြေမကိုက်ကြတာကြောင့် ဖိုတွေ တဖြည်းဖြည်း နည်းပါးလာပြီဖြစ်ကြောင်း၊ ကွမ်းညှပ်၊ ကပ်ကြေးလိုင်း၊ တံဇဉ်၊ တူရွင်း၊ ပေါက်ပြား၊ ဂေါ်ပြား၊ ဆောက်သွား၊ ရေပေါ်သွား၊ တူစသည့်လုပ်ငန်းလိုင်း၊ ဓါးသီးသန့်လိုင်း၊ လှည့်မြီးချသည့် လုပ်ငန်းလိုင်းဆိုပြီးရှိကာ၊လယ်ယာသုံးဖြစ်သည့်ထယ်သွား၊ ထွန်သွားများကိုလည်း သီးသန့်ထုတ်လုပ်ကြကြောင်း သိရသည်။

"ကျွန်တော်တို့က မိဘတွေလက် ထက်က တိုင်ဓါးသီးသန့်တစ်မျိုးပဲ ထုတ်လုပ်ပါတယ်။ “ဓါးအတွက် ကားလေးသံကို အသုံးပြုပြီး အာမခံဖြင့် ပြုလုပ်ပေးပါတယ်။ ဓါးတစ်ချောင်းကို (၄၅၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်ထိ အမျိုးအစားပေါ် မူတည်ပြီး ရောင်းချသလို၊ စက်နင်းဓါး၊ ကိုင်းရမ်းဓါး၊ သစ်ခုတ်/ဝါးခုတ်ဓါးတွေလည်း ထုတ်လုပ် ရောင်းချပါတယ်ဟု မြို့သစ်မြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ဦးဟန်မင်းဦးက ပြောသည်။

ယခုကာလတွင် ပန်းပဲဖိုများအနေဖြင့် ထင်း၊ မီးသွေးရှားပါးကာ ဈေးကြီးပေး၍ဝယ်ရခြင်း၊ ပန်းပဲဖိုအလုပ်သမားရှားပါးလာခြင်းနှင့် နိူင်ငံရပ်ခြားမှ ဝင်လာသည့် သံထည်ပစ္စည်းများမှာ ဈေးနှုန်းသက်သာသွာဖြင့် ဝယ်ယူရရှိခြင်းများကြောင့် ပန်းပဲဖိုလုပ်ငန်းများ တဖြည်းဖြည်းပျောက်ကွယ်လုနီးပါးဖြစ်ရကြောင်းကို မြို့သစ်မြို့နယ်ရှိ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)