ပေါက်ခေါင်း ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA.4, BA.5 များ မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေလယ် ၃ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA.4, BA.5 များ တွေ့ရှိရပါသဖြင့် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ် ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်သွားလာနေထိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ လူအသွားအလာများသည့် နေရာများတွင် Mask များ တပ်ဆင်သွားလာကြရန် အသိပညာပေး Mask Campaign များဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်းဆောင်ကြပါရန် ပြောကြားသည်။ ဆက်လက်၍ ပညာရေးဌာန အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးနိုင်ရေးနှင့် ကာကွယ်ဆေး အမျိုးအစားအလိုက် ဆေးသက်တမ်း မကုန်ဆုံးမီ ပြည်သူများသို့ အချိန်မီထိုးနှံပေးရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်