ကန့်ဘလူမြို့နယ်၌ စျေးနှုန်းသက်သာစွာဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးထားသည့် နေကြာသီးနှံများအောင်မြင်ဖြစ်ထွန်း

ကန့်ဘလူ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူ မျိုးသန့်ခြံစိုက်ကွင်း၌ တိုင်းဒေသကြီးအတွင်း ​တောင်သူများအတွက် သီးနှံအရည်အသွေး ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါသီးနှံများကို ယခုနှစ် မေ ၁၆ ရက်ကစတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ သီးပွင့်များဖြင့် အောင်မြင်ဖြစ်ထွန်းကာ ဒေသတွင်းတောင်သူများအား ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးထားခြင်းဖြစ်သည်။ ကန့်ဘလူ မျိုးသန့်ခြံကွင်း အမှတ်(၁)၌ ယခုနှစ်မိုးရာသီတွင် ပဲစင်းငုံ (မုံရွာရွှေဒင်္ဂါး) မျိုးစေ့အဆင့် (RS) မျိုးသန်းမျိုးပွားအဆင့် ဧက ၃၀နှင့် ဆီစားသုံးမှုဖူလုံစေရေးအတွက် နေကြာ (ဆင်းရွှေကြာ - ၂) ဧက ၁၁၀ စိုက်ပျိုးထားကြောင်း မျိုးသန့်ခြံ ဦးစီးအရာရှိ ဦးခင်မောင်လင်းထံမှ သိရသည်။

ကန့်ဘလူမြို့နယ်ပတ်ဝန်းကျင်သည် မိုးကောင်းသောက် လယ်ယာမြေများဖြစ်သဖြင့် ကန့်ဘလူ မျိုးသန့်ခြံအနေဖြင့် ယာသီးနှံများကိုအဓိကထားမျိုးစေ့ထုတ်လုပ်ငန်း လုပ်ဆောင်ခြင်းဖြစ်ပြီး စိုက်ပျိုးထားသော မျိုးများသည် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော မျိုးသန့်မျိုးပွားမျိုးစေ့များဖြစ်ကာ​ တောင်သူများအနေဖြင့် မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများမှာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံကို စီးပွားဖြစ်စိုက်ပျိုးလာလျက်ရှိရာ ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီးညှပ်အပြင် နေကြာတစ်မျိုးတည်းသီးသန့်ဖြင့် ရာသီမရွေးမျိုးစေ့ စျေးနှုန်းသက်သာစွာ ဝယ်ယူစိုက်ပျိုးနိုင်သောသီးနှံဖြစ်၍ မိုးရာသီနှင့်ဆောင်းရာသီများတွင် စိုက်ပျိုးလျက်ရှိကြသည်။ ထိုသို့စိုက်ပျိုးရာတွင် ဆောင်းနေကြာကို အခြားသီးနှံများဖြစ်သည့် မြေပဲ၊ ပဲတီစိမ်းနှင့်သီးညှပ်စိုက်ပျိုးကြသည့်အပြင် ဆောင်းနေကြာတစ်မျိုးတည်း သီးသန့်တန်း​ခြားနှစ်ပေ၊ ပင်းကြားကိုးလက်မဖြင့် စိုက်ပျိုးကြသည်။ တန်းခြားပင်ကြားဖြင့် စိုက်ပျိုးသည့် နေကြာမှာ တစ်ဧကလျှင် မျိုးစေ့ လေးပြည်မှ ငါးပြည်အထိစိုက်ပျိုးကြပြီး အပင်သက်တမ်းမှာ ရက် ၈၀ မှ ၈၅ ရက်ကြာ ကြောင်းနှင့်ဆောင်းနေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးကြကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)