မင်းဘူး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကြက်သွန်နီစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ဈေးကောင်းပြန်လည်ရရှိလာသောကြောင့် အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။
လက်ရှိ မင်းဘူးမြို့ ဈေးကွက်အတွင်း ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ် ရောင်းချနေရပြီး ကြက်သွန်စိုက်ပျိုးသူ နည်းပါး၍ ထွက်ကုန်များ နည်းပါးကာ ဈေးကွက်အတွင်း ကြက်သွန်ဝင်ရောက်မှု နည်းပါးလာသည့်အတွက် ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။
ကြက်သွန်နီ စိုက်ပျိုးရာတွင် ယခင်က မိုးတွင်းကာလများတွင်သာ စိုက်ပျိုးကြသော်လည်း ယခုအခါ မြေအောက်ရေများ အသုံးပြု၍ ရာသီမရွေး စိုက်ပျိုးလာကြသည်။ သို့သော် မိုးတွင်းကာလတွင် ကြက်သွန်အဖြစ်များ၍ စိုက်ပျိုးမှုများပြီး၊ ဈေးကောင်ဆုံး အချိန်သည် မိုးဦးကာလ မေ၊ ဇွန်၊ ဇူလိုင်လများသည် ဈေးအကောင်းဆုံး လများဖြစ်သည်။
ကြက်သွန်နီ စိုက်ပျိုးရာတွင် သွင်းအားစုများပြီး စရိတ်ပိုကာ စက်သုံးဆီဈေး၊ မြေဩဇာဈေး၊ အလုပ်သမားခ၊ ပျိုးပင်ဖိုးများကြောင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၅၀၀/၆၀၀ ဖြင့်ရောင်းချပါက စရိတ်စကလောက်သာရရှိကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။ ယခု လက်ရှိတွင် လက်လီဈေး ကျပ် (၂၀၀၀) ရောင်းရကာ ကြက်သွန်နီဈေး ပြန်လည်မြင့်တက်လာသောကြောင့် စိုက်ပျိူးသူများ အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် ငွေသောင်ကျေရွာ ကြက်သွန်နီစိုက်တောင်သူ ကိုစိုးလင်းအောင်ထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)