တနိုင်း စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာ ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်းရှိ ပျံကျဈေးနှင့် လူစည်ကားသည့်နေရာများတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် တနိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များအား မြို့နယ်အတွင်းရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် ဆင်မ်ဆာရပ်ကွက်အပိုင်းနှင့် မုန်ဒိန် ရပ်ကွက်အပိုင်းရှိ ပျံကျဈေးနှင့် အနီးပတ်ဝန်းကျင်ရှိ လူစည်ကားသည့် နေရာများတွင် ဈေးရောင်းသူများ၊ ဈေးဝယ်သူ များနှင့် ဖြတ်သန်းသွားလာသူများအား အများပြည်သူများ သိရှိလိုက်နာရမည့် ကျန်းမာရေး လမ်းညွှန်ချက်များကို အသိပေးပြောကြားခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေ ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ဒု-မြိုနယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မြိုနယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ အသိပညာပေး ပြောကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ Mask အခု(၅၀၀)အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)