သာပေါင်း ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အောင်တပ်ကျေးရွာ၌ တောင်သူများအား အီးအမ်ဗေဒါ မြေဆွေးပုံပြုလုပ်နည်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြော လက်တွေ့ပြုလုပ်ပုံ အဆင့်ဆင့်ကို ပူးပေါင်း လုပ်ဆောင်ကြသည်။
အီးအမ် ဗေဒါမြေဆွေးပုံပြုလုပ်နည်း အသိပညာပေးဟောပြော လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မန်နေဂျာဦးသန့်ဇင်က တောင်သူများအား အီးအမ်ဖျော်စပ်သုံးစွဲရန်အချိုးမှာ-
၁။ အီးအမ်အရည် တစ်လီတာ (ရေသန့်တစ်ဘူး)တင်လဲရည် လေးလီတာ(ရေသန့် လေးဘူး)၊ ရေ(၉၅)လီတာ(ရေသန့်ဘူး ၉၅ ဘူး) ဂါလံဖြင့် ၂၄ ဂါလံခန့်ဖြင့် ဖျော်စပ်ပြီး ၃-၇ ရက်ခန့်ထား၍ ချက်ချင်းသုံးစွဲရန် လိုအပ်ပါသည်။
၂။ တင်လဲရည် ၁ လီတာရရှိရန် မုန့်လုပ်ထန်းလျှက်(၇၅)ကျပ်သား ကျို၍ ပြုလုပ်နိုင်ပါသည်၊
၃။ ဗေဒါများကို ဆယ်ယူ၍ အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ အရွယ်အစားရှိခြံထဲသို့ ထည့်ပါ၊
၄။ ဗေဒါ ၁ ပေခန့်အမြင့် ရောက်လျင် ဖွဲနု ၂ ပြည်၊ ဖွဲဆန်ကွဲ ၂ ပြည်၊ နွားချေး ၂ ပြည်၊ ယူရီးယား နို့ဆီ ၁ ဘူး ကြဲပက်ပါ၊ ကြဲပက်ပြီးနောက် အီးအမ်ဖျော်ရည်ကို နှံ့စပ်အောင်လောင်းပါ၊
၅။ ဗေဒါပုံ ၂ ပေအမြင့်တွင် တစ်ကြိမ်၊ ၃ ပေအမြင့်တွင် တစ်ကြိမ် အထက်ပါအတိုင်း ပြုလုပ်ပါ၊ ဗေဒါများကို ဓါးဖြင့်နုတ်နုတ်စဉ်းနိုင်လျင် ပိုကောင်းပါသည်၊
၆။ ဗေဒါများကို ပလစ်စတစ်(သို့)ငှက်ပျောရွက် အဆင်ပြေသလို အုပ်ထားနိုင်ပါသည်၊
၇။ ၁ လ၊ ၂ လခန့်ကြာလျှင် မြေဩဇာအဖြစ်သုံးစွဲနိုင်ပါသည်၊
တစ်ဧက လျှင်မြေဆွေးပုံ(၆)ပုံ ပြုလုပ်သုံးစွဲနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း အသိပညာပေးပြောကြားပြီး လက်တွေ့ သရုပ်ပြမှုအား ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)