သံတွဲ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး (N F P E) တွင် စတင်တက်ရောက်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် မယုဝေဝေအောင်အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က သံတွဲမြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါဂုဏ်ပြုချီးမြှင့်ခြင်းမှာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် မယုဝေဝေအောင် အား မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာန (M L R C) မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်တစ်သိန်း ပေးအပ်ချီးမြင့်ရာ ၎င်းတို့ကိုယ်စား မြို့နယ်ပညာရေးမှူး ဒေါ်သိန်းတင်က ချီးမြှင့်ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သည့် မယုဝေဝေအောင်နှင့် ကျောင်းသား/သူ လေးဦးသည် မူလတန်းအဆင့်မပြီးမြောက်ဘဲ ကျောင်းပြင်ပသို့ရောက်ရှိနေရာမှ ကျောင်းပြင်ပ မူလတန်းပညာရေး (N F P E) သို့ Lavel-2 ကို စတင်တက်ရောက်အောင်မြင်ခဲ့ကာ သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်းများတွင် ပဉ္စမတန်းမှ တက်ရောက်လျက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ရာ မယုဝေဝေအောင် တစ်ယောက်သာအောင်မြင်ခဲ့သဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (M L R C) မှ ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး သံတွဲမြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး (N F P E) ၏ အောင်မြင်မှု သမိုင်းမှတ်တိုင် တစ်ခုစိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း သံတွဲတာဝန်ခံ ဆရာကြီး ဦးအောင်ကျော်သိန်း ထံမှသိရှိရသည်။
ခရိုင်(ပြန်/ဆက်)