ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေး ငွေကျပ် ၄၄၆၄ ဒသမ ၅၀ သိန်း ထုတ်ချေးပြီးဖြစ်ကြောင်းသိရ

ပွင့်ဖြူ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အတွက် နှစ်စဉ်မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို မေလတတိယပတ်မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ဇူလိုင် ၂၁ ရက်နေ့အထိ ချေးငွေစုစုပေါင်း ၄၄၆၄ ဒသမ ၅၀ သိန်း ထုတ်ချေးဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁) အုပ်စုရှိပြီး အဆိုပါကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က ထုတ်ချေးပေးခဲ့သော စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပြန်လည်ပေးဆပ်သော ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကို မေလတတိယပတ်မှစပြီး မိုးစပါးစိုက်ပျိုးရန်အတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်း၊ အခြား မိုးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးနေကြောင်း သိရသည်။ ချေးငွေ ထုတ်ချေးပြီးစီးမှုအနေဖြင့် မေလတတိယပတ်မှ ဇူလိုင်(၂၁)ရက်နေ့အထိ ကျေးရွာအုပ်စု (၁၁) အုပ်စုမှ ဒေသခံတောင်သူ ၆၃၂ ဦးအား မိုးစပါးဧက ၂၆၆၃ ဧကနှင့် အခြားမိုးသီးနှံဧက ၄၇၀ ဧကအတွက် စုစုပေါင်း ချေးငွေကျပ် ၄၄၆၄ ဒသမ ၅၀ သိန်း ထုတ်‌ချေးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများကိုလည်း သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ယခင်နှစ်က ထုတ်ချေး ပေးထားသော စိုက်ပျိုးစရိတ် ချေးငွေပြေကြေစွာ ပြန်လည်ပေးဆပ်မှုအပေါ် မူတည်ပြီး ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးစန်းသော်ကပြောသည်။

လှိုင်ဝင်းလေး