ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံ

ကျောက်ဖြူ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အထက(ခွဲ)အလက-၂ မြို့မကျောင်းနှင့် အလယ်တန်း လေ့ကျင့်ရေးကျောင်း စသည့်ကျောင်းများမှ အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ်မြောက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများမှ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင် ပေးခြင်းများဆောင်ရွက်ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းများ ဆောင်ရွက်ကာ ကိုဗစ်ကာကွယ်ဆေးများအား ထိုးနှံပေးသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၇၇၀၂) ဦးအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပေးထားပြီးဖြစ်သည်။ ယင်းသို့ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့တွင် ဒုတိယအကြိမ်မြောက် ပြန်လည် ထိုးနှံပေးလျက်ရှိပြီး ဇူလိုင်လ ၂၁ ရက်နေ့အထိ ဒုတိယအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေးပြန်လည်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ၂၅၆၁ ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း