ငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

တောင်ကုတ် ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် ငလျင်ဘေးနှင့်သဘာဝအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ဒေသအတွင်းဖြစ်ပွားနိုင်သည့် ဘေးန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများနှင့် အတူဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြီးနောက် ငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုများကို စတင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ဦးရန်အောင်မှ ဒဏ်ရာရရှိသည့် လူနာများအား ရှေ့ဦးသူနာ ပြုစုခြင်းများကိုလည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးဒါဏ်ကြောင့် အဆောက်အဦအတွင်း ပိတ်မိနေသော ကျောင်းသား/သူများအား ဘေးလွတ်ရာသို့ကယ်ထုတ်ခြင်း၊ ဒဏ်ရာရရှိသူများအား အရေးပေါ်ပြုစု၍ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပုံများကို ရှင်သန်ရေးကူညီမှုအဖွဲ့မှအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ကြသည်။

အဆိုပါ ငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရှင်သန်ရေးကူညီမှုအဖွဲ့ ဥက္ကဋ္ဌ ဦးညိုမင်းအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များရရှိပါက တစ်ဦးချင်းအလိုက်၊ မိသားစု အလိုက်ဆောင်ရွက်ရမည့်အချက် များကို သိနားလည်စေပြီး အချိန်တိုအတွင်း ဘေးလွတ်ရာနေရာသို့ အချိန်မီရွှေ့ပြောင်း ကယ်ဆယ်ဆောင်ရွက်နိုင်သည့် ကျေးဇူးများနှင့် ပြည်သူတစ်ဦးချင်း ဘေးဖြစ်ပွားချိန်တွင်လည်း လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများနှင့် အချိန်မီကယ်ဆယ်ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင်ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်