ဖားဆောင်း ဇူလိုင် ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံမိုးနှမ်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော နှမ်းစိုက်ခင်းများ အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီအချိန်တွင် ဝမ်အောင်းကျေးရွာအုပ်စု၊ ကျောက်ပဲညိုကျေးရွာနေ တောင်သူဦးလှဖေ၏ ယာမြေနေရာ၌ စိုက်ပျိုးထားသော စမုံနက်နှမ်းမဲစံပြစိုက်ခင်း ၃ ဧကနှင့် တောင်သူ ဦးလာဒ၏ ယာမြေနေရာ၌ စိုက်ပျိုးထားသော စမုံနက်နှမ်းမဲ စံပြစိုက်ခင်း ၃ ဧက နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စံပြစိုက်ခင်းများ စတင်စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက ဒေသတွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံနှမ်းနှင့် နေကြာကို ပိုမိုစိုက်ပျိုးနိုင်ရေး ပညာပေးစည်းရုံးခြင်း၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးခြင်းများ စည်းရုံးဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း မိုးသီးနှံနှမ်းနှင့် နေကြာစိုက်ပျိုးရန်လျာထားဧကမှာ (၅၄၃၇) ဧကရှိရာ (၈၀) ရာခိုင်နှုန်းခန့် စိုက်ပျိုးထာပြီး စိုက်ပျိုးရန်အတွက် လိုအပ်သောမျိုးကောင်း၊မျိုးသန့်များရရှိနိုင်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုးရေး၊အပင်ပြုစု စောင့်ရှောက်ရေးနည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့် ရိတ်သိမ်းချိန် လွန်နည်းပညာများကို တောင်သူများအချိန်မီ သိရှိနိုင်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၊ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)