ပေါက်ခေါင်း ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီတွင်စိုက်ပျိုးသည့် ချောင်းကျိုးကျေးရွာတောင်သူ ဦးမောင်လေး၏ ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ် (၅) ဧက အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်၊ ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများက ယမန်နေ့က အဆိုပါ စိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံများကို ယခုနှစ်တွင်တိုးချဲ့စိုက်ပျိုးထားရှိရာ နေကြာစိုက်ခင်းများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာအရောက်ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပြောကြားခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ချောင်းကျိုးကျေးရွာရှိ အောင်မြင်ဖြစ်ထွန်းသည့် နေကြာစိုက်ခင်းသို့ တိုင်း၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)