မုဒုံမြို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မုဒုံ ဇူလိုင် ၁၉

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေ တိုးပွားလာကာ  ဆင်းရဲမှု လျော့ကျစေရန်  ရည်ရွယ်၍  မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျိုက်ကာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး၊ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျိုက်ကာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေများဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများ လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ၊ မရှိနှင့် လုပ်ငန်းအခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။

ကျိုက်ကာကျေးရွာသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၃၆) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၃၁)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၁၈)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၁၅)ဦး စုစုပေါင်း (၁၀၀)ဦးအား မြစိမ်းရောင် ကျေးရွာစီမံကိန်း ချေးငွေကျပ် (၅၀၂)သိန်းကို ထုတ်ချေးပေး ထားကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)