တောင်တွင်းကြီး ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် လယ်ယာလုပ်ငန်းဖြင့်တွဲဖက်၍ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များစျေးကောင်းပေးဝယ်နေ၍ ဝက်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့် သားပေါက်ဝက်မဝယ်ယူကာ မွေးမြူလေ့ရှိပြီး (၄၅)ရက်သား ဝက်သားပေါက်တစ်ကောင်လျှင် (၈၀၀၀၀)ကျပ်ပေး၍ ဝယ်ယူရပြီး ခြောက်လသားအရွယ်တွင် သားစပ်ပေးရကြောင်း၊ လေးလကြာလျှင် သားပေါက်လေ့ရှိပြီး သားဖောက်ဝက်မ တစ်ကောင်လျှင် (၅)ကောင်မှ (၁၂)ကောင်အထိ ပေါက်လေ့ရှိကြောင်း၊ ဝက်ပေါက်စ(၄၅)ရက်သား တစ်ကောင်လျှင်(၈၀၀၀၀)ကျပ် ရောင်းချရကြောင်း၊ ဝက်စာအဖြစ်ဆန်ခွဲ၊ ဖွဲနု၊ ကန်စွန်းရွက်များကိုကြိုချက်၍ ကျွေးမွေးရကြောင်း သဖန်းကုန်းကျေးရွာမှ ဝက်မွေးမြူရေးလုပ်ကိုင်သူ ဦးခင်မောင်ထွန်းထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေသူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်နေကြပြီး လယ်ယာလုပ်ငန်းနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ် မွေးမြူခြင်းများကိုလည်း တွဲဖက်လုပ်ကိုက်လျက်ရှိပြီး လယ်ယာမြေများအတွက် လိုအပ်သော သဘာဝမြေသြဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း တစ်ပိုင်တစ်နိုင် မွေးမြူခြင်းဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများသည် နွားချေး၊ ဆိတ်ချေးတို့ကို မိမိတို့လယ်ယာ လုပ်ငန်းများမလုပ်ကိုင်မီ နွားလှည်းများ၊ ထော်လာဂျီများဖြင့်တိုက်ပြီး ဖြန့်ကျဲကာ ထယ်ရေးများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ လက်ရှိတွင် နွားချေး၊ ဆိတ်ချေး လှည်းတစ်စီးလျှင် (၅၀၀၀)ကျပ်၊ ထော်လာဂျီ တစ်စီးလျှင်(၅၀၀၀၀) ကျပ်ဖြင့် စျေးကောင်းပေးဝယ်လျက်ရှိရာ မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း (ပြန်/ဆက်)