လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရေကြည် ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.မ.က ရုံးကွက်သစ်ကျောင်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နှင်းနှင်းအေးက အားကစားဆိုင်ရာ သိကောင်းစရာများအကြောင်း ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နှင်းနှင်းအေးက အားကစားဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုယ်လက်လှုပ်ရှား ကိုယ်လက်လေ့ကျင်ခန်းများကိုလည်း လက်တွေ့သင်ကြားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အသိပညာ‌ပေးနံရံကပ်ဓါတ်ပုံများကိုလည်း ပြသပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)