ကြံခင်း စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် နိုင်ငံရေးပါတီ (၅)ခုမှ ကိုယ်စားလှယ်လောင်းများ လုပ်ငန်းညှိုနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကော်မရှင် ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလနှင့် တိုက်ဆိုင် နေသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၁၇၃/၂၀၂၀) ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ(၆)ရက်နေ့ နေ့စွဲဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာများ နှင့်စပ်လျဉ်ပြီး ကြေညာချက်ထုတ်ပြန်ပြီးဖြစ်ရာ ထိုကြေညာချက်များ နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ အနေဖြင့် သိသင့်သိထိုက်သည်များအား လိုက်နာဆောင်ရွက် သွားကြရန် ရှင်းလင်းဆွေးနွေး သွားမှာဖြစ်ကြောင်း၊ ပါတီအဖွဲ့များ အနေနှင့် မိမိတို့လုပ်ငန်း ဆောင်ရွက်မည့် စီမံချက်များအား ရေးဆွဲတင်ပြပေးရန်၊ သို့မှသာ ပါတီအဖွဲ့များ၏ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်၊ လုံခြုံရေးဆိုင်ရာများကို ဆောင်ရွက်ပေး နိုင်မည့်အပြင် နေရာတစ်ခုထဲတွင် ပါတီ၂ ဖွဲ့စည်းရုံးရေး ဆင်းတာ၊ တစ်ချိန်တည်း မဖြစ်စေရန် စီစဉ်မှုများ ဆောင်ရွက် ပေးဖို့ပင် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ဝင်းဝင်းမြင့်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြီး၊ တတ်ရောက်လာကြသော နိုင်ငံရေးပါတီ(၅)ခုမှ ကိုယ်စားလှယ် လောင်းများက လုပ်ငန်းစဉ်နှင့် ပတ်သက်သည်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် မဲဆွယ်ကာလမှာ စက်တင်ဘာလ (၈)ရက်နေ့မှ နိုဝင်ဘာလ ( ၆)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)