ညောင်တုန်း စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ (Stay at Home) နေထိုင်ရေး သတ်မှတ်ထားသော မြို့နယ်များမှ နေရပ်ပြန် လာသူများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသောနေရာအဖြစ် သတ်မှတ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်စုအဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ Road Of Future Youth Network (အနာဂတ်လမ်းလူငယ်ကွန်ရက်)နှင့် ပီတိလူငယ်ပရဟိတ အဖွဲ့တို့က သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ အိပ်စင်များ ထားရှိပေးခြင်း၊ ရေ/မီးရရှိရေးနှင့် လက်ဆေးရန်ဘေစင်များ ထားရှိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသော မိမိနေအိမ်တွင်(Stay at Home) နေထိုင်ရေး သတ်မှတ်ထားသော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ နေရပ်ပြန်လာသူများကို Community Based Facility Quarantine (၂၁) ရက်နေထိုင်ရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည်ရေး စင်တာများဖြစ်သည့် အ-ထ-က (၁)၊ အ-ထ-က (မဲဇလီ)၊ အ-ထ-က (ဆားမလောက်)၊ အ-ထ-က (ချောင်းကြီး)၊ အ-ထ-က (ငှက်ပျောကျွန်း)၊ အ-ထ-က (သပြေချောင်း)၊ အ-ထ-က (နတ်ပေး)၊ အ-ထ-က (ကြက်တူရွေးတောင်)၊ အ-ထ-က (ပါလှဲ့)၊ အ-ထ-က (ခွဲ) (ကြိမ်ပင်ဆယ်)၊ အ-ထ-က (ခွဲ) (တဇင်ရေကျော်)၊ အ-ထ-က (ခွဲ) (ကြောင်သျှာကုန်း)၊ အ-ထ-က (ခွဲ) (အင်းမ)၊ အ-ထ-က (ခွဲ) (တူးချောင်း)၊ အ-ထ-က (ခွဲ) (ပေစိ)၊ အ-ထ-က (ခွဲ) (ရွာသာ ညွှန့်)၊ အ-ထ-က (ခွဲ) (ရေပျဉ်းချောင်း)၊ အ-လ-က (ပဲရုံဆိပ်)၊ အ-လ-က (ခွဲ) (ဝဲငယ်)၊ အ-လ-က (ခွဲ) (ရွာသစ်) စသည့် စင်တာ (၂၀) ခုသတ်မှတ်ပြီး ကြိုတင်ပြင်ဆင် ထားလျက်ရှိသည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်ပြန်လာသူများကို မြို့တော်ခန်းမ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာတွင် ထားရှိမည်ဖြစ်ပြီး (Stay at Home)နေထိုင်ရေး သတ်မှတ်ထားခြင်းမရှိသည့် မြို့နယ်များမှ လာရောက်သူများသည် အသွားအလာ ကန့်သတ်ရန် နေအိမ်တွင် (၇)ရက် နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)