ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကျောက်ဖြူ  ဇူလိုင်  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသူများကို ဇူလိုင်(၁၆)ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်း၊ ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံရသေးသည့်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ IDPs စခန်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ၎င်း IDPs Camp မှ Volunteer လူငယ်များကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေ အနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။

အဆိုပါခိုလှုံရာစခန်းတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၅၃၂ ဦး၊ ဒုတိယအကြိမ်ကာ ကွယ်ဆေးထိုးနှံပြီးသူ ၅၁၃ ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၃၆၉ ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း ( ပြန်/ဆက်)