ဆိပ်ဖြူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ကုန်စည်ဒိုင်တွင် ယခင်ရက်များက ကြက်သွန်နီ ဈေးအနည်းငယ်ကျဆင်းရာမှ ယခုရက်အတွင်း ဈေးပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီကို ဒေသစီးပွားအဖြစ် စိုက်ပျိုးခြင်း၊ ရောင်းဝယ်ခြင်းကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသခံပြည်သူများက ကြက်သွန်နီပွဲရုံများတွင် မိသားစုဝင်ငွေအတွက် အလေးထားလုပ်ကိုင်ဆောင်ရွက်ကြသည်။ ဆိပ်ဖြူကြက်သွန်ကုန်စည်ဒိုင်တွင် ဒေသထွက်ကြက်သွန်နီများကို အရောင်းအဝယ်ပြုလုပ်ဆောင်ရွက်ကြပြီး ဇွန်လဆန်းပိုင်းက ကြက်သွန်နီ တစ်ပိဿာလျှင် ၁၅၅၀ ကျပ်အထိ အမြင့်ဆုံးဈေးရရှိခဲ့ရာမှ ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းတို့တွင် ကြက်သွန်နီ တစ်ပိဿာ ၁၂၀၀ ကျပ်အထိ ကျဆင်းသွားကြောင်း၊ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံးဈေး ၁၅၀၀ ကျပ် ၊အနိမ့်ဆုံးဈေး ၁၀၀၀ ကျပ်ထိ ပြန်လည်ဝယ်ယူနေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်သို့ ကုန်ချိန် ၁၅၀၀၀ပိဿာ ခန့်သာဝင်ရောက်ပြီး ယခင်နှစ်များထက် ကုန်ဝင်ရောက်မှုနည်းပါးကြောင်း၊ ကြက်သွန်နီစိုက်ပျိုးစဉ်ကာလတွင် မိုးရွာသွန်းခြင်းနှင့် မြေဩဇာ၊ စက်သုံးဆီဈေးများ မြင့်တက်ခဲ့ခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုနည်းပါးခြင်း၊ ကြက်သွန်နီ ထွက်ကုန်နည်းပါးခြင်းတို့ကြောင့် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုနည်းပါးသလို ယခင်နှစ်ထက် ကြက်သွန်နီ ကုန်လက်ကျန် နည်းပါးနိုင်ကြောင်း ကြက်သွန်နီကုန်သည်များနှင့် ကြက်သွန်နီစိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။
ကိုဇွဲ (အညာမြေ)