လွိုင်ကော် ဇူလိုင် ၁၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်မွေးမြူရေးဆောင်ရွက်နေသည့် ပြည်သူများ တနိုင်တပိုင်မွေးမြူထားရှိသည့် မွေးမြူ တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားလာပါက ကူးစက်ပျံနှံ့မှုကို အချိန်မီထိန်းချုပ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မွေးမြူတိရစ္ဆာန်များ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မှုံပြာကျေးရွာရှိ နွားမွေးမြူရေးခြံများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက ဦးဆောင်၍ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့စိတ်မှ အဖွဲ့ဝင်များက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ သဏ္ဍာန်တူလေ့ကျင့်ခြင်း၊ ကျွဲ၊ နွားခွာနာလျှာနာရောဂါနှင့် အရေပြားအကျိတ်ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်း ၊ မွေးမြူထား ရှိသော ကျွဲ၊ နွား ၇၆ ကောင်အား ကျွဲ၊ နွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးနှင့် ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် လူထုအသိပညာပေးဆိုင်းဘုတ် ပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)