ကာမိုင်းမြို့၌ တိုက်နယ်ဆေးရုံရှေ့လမ်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

ကာမိုင်း    စက်တင်ဘာ    ၁၀ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ တိုက်နယ်ဆေးရုံရှေ့၌ ဇီ၀ကလမ်းပေါ်ကတ္တရာ လမ်းပျက်စီး နေမှုကြောင့် ကွန်းကရစ်လမ်း ပြန်လည်ခင်းကျင်းခြင်းကို စက်တင်ဘာ (၈)ရက်နေ့ က စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လမ်းခင်းခြင်းပြုလုပ်ရာ၌ ကာမိုင်းတိုက်နယ်ဆေးရုံရှေ့ ဇီ၀ကလမ်းပေါ်ရှိ ယခင်က ကတ္တရာလမ်းမှာ ပျက်စီးနေပြီဖြစ်၍ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်(ဖြည့်စွက်) ဘတ်ဂျက်ဖြင့် ကွန်ကရစ်လမ်း ခင်းကျင်းရာတွင် လမ်းအရှည်(၃၃၁)ပေ၊ အကျယ်(၁၂)ပေနှင့် အထူ(၈) လက်မဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် (၁၁.၈၀၈)သန်းဖြင့် ပန်းမြတ်သော်တာ ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင် ရွက်ခြင်းဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးရန်ရွှေမြင့်ထံမှ သိရသည်။

ထို့အပြင် ကာမိုင်းမြို့၊ မြို့မ(၃)ရပ်ကွက်ရှိ စျေးနောက်လမ်းကြားတွင် လမ်းအရှည်(၅၁၀)ပေ၊ အကျယ်(၁၂)ပေနှင့် အထူ(၈)လက်မ ကွန်ကရစ်လမ်းကို ၎င်းကုမ္ပဏီမှ တာဝန်ယူခင်းကျင်းသွား မည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)