ဖျာပုံ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဖျာပုံမြို့ရှိ Cyclone Shelter နှစ်လုံးတွင် လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ဆောင်ရွက်ရန် ငွေကျပ်(၃၀)သိန်း ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မြှင့်တက်နေသည့် အချိန်တွင် ဖျာပုံမြို့ရှိ ကျေးလက်နေ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Facility Quarantine Center အဖြစ် Shelter များကို အသုံးပြုရာ၌ လိုအပ်သည့် Shelter တစ်လုံးလျှင် လက်ဆေးဘေစင် (၃)ခုနှင့် ဖိုက်ဘာရေစည်(၂)လုံးနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်သည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တန်ဖိုးငွေကျပ်(၁၅)သိန်းနှုန်းဖြင့် Shelter နှစ်လုံးအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၃၀)သိန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်တို့က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ကော်မတီဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးတို့ တက်ရောက်ခဲ့သည်။
ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်မှူးဦးမော်နိုင်ထွန်းက ထိုသို့ထောက်ပံ့ခြင်းသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်အတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)