ကချင်ပြည်နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်အဖြစ် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်များတွင်း ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား ဇူလိုင် ၁၇

ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် တိရစ္ဆာန်ကူးစက်ရောဂါများနှင့် စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ သဏ္ဍာန်တူလေ့ကျင့်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့က တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုးတုံ့ပြန်ရေးအဖွဲ့ဝင်များနှင့်အတူ နောင်တာလောကျေးရွာရှိ နွားခြံတွင် နွား အကောင်(၅၀)တို့အား ခွာနာ၊ လျှာနာကာကွယ်ဆေးထိုးနှံပေးခြင်း၊ တောင်သူများအား နွားအရေးပြားအကျိတ်ရောင် ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ရောဂါဖြစ်ပွားပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများအား သရုပ်ပြလေ့ကျင်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ဇူလိုင် ၁၅ ရက်တွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ နို့စားနွားအကောင်ရေ (၁၀၇)ကောင်တို့အား  ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်းတို့ကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍ ထိခိုက်မှုမဖြစ်ပေါ်စေရေး တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ခွာနာ၊ လျှာနာ၊ နွားအရေပြား အကြိတ်ရောင်ရောဂါ၊  အာဖရိကန်ဝက်အပြင်းဖျားရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဖြစ်ပွားလာပါကဌာနနှင့် ချိတ်ဆက်ပြီး အမြန်ဆုံးတုံ့ပြန်ကုသဆောင်ရွက်နိုင်ရန်အတွက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုများကို ဇူလိုင် ၁၁ ရက် မှ ၁၈ ရက်နေ့အထိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူ၊ မိုးညှင်းနှင့် မိုးကောင်းမြို့နယ်များတွင် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်