မြဝတီ ဇူလိုင် ၁၇
မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့သည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့ရာမှုများရှိရာ တိရစ္ဆာန်စစ်ဆေးရေးစခန်းဖွင့်လှစ်ထားရာ မြို့ဖြစ်သဖြင့် တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မြဝတီခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင် Mobile Team အဖွဲ့နှစ်ဖွဲ့မှ ပုံမှန်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ မြဝတီခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင် Mobile Team အဖွဲ့နှစ်ဖွဲ့မှ မြဝတီမြို့နယ်အတွင်းမှာ တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ပုံမှန်ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါတယ်၊ အထူးသဖြင့် ကျွဲ၊ နွား ခွာနာလျှာနာရောဂါနှင့် အရေပြားအကျိတ်နာရောဂါများ ဖြစ်ပွားမှုမရှိစေရန် တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ စစ်ဆေးခြင်း၊ မွေးမြူရေးခြံများမှ နမူနာပစ္စည်းများရယူ၍ ရောဂါရှာဖွေရေးဓါတ်ခွဲခန်းတွင် စစ်ဆေးခြင်းနှင့် ရောဂါစူးစမ်း ထောက်လှမ်း ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါတယ်” ဟု မြဝတီခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင့်လွင်က ပြောသည်။
ထိုသို့ မြဝတီခရိုင် Mobile Team အဖွဲ့မှ ယနေ့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြဝတီခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ တင့်လွင်၊ မြဝတီမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ မင်းဝင်းအောင်နှင့်ဝန်ထမ်းများ၊ မြဝတီခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်သည်။
အလားတူ မြဝတီမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ မင်းဝင်းအောင်နှင့် ဝန်ထမ်းများက မြဝတီမြို့နယ်အတွင်း တိရစ္ဆာန်များကူးစက်ရောဂါ ဖြစ်ပွားမှု မရှိစေရန်အတွက် ကာကွယ် ဆေးထိုးခြင်း၊ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖြန်းခြင်း၊ ပညာပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်