တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် (တောင်ပိုင်း) အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် (၂၆.၂၈)ရာခိုင်နှုန်းရှိခဲ့ပြီး ဂုဏ်ထူးရသူ (၁၈၃၃)ဦးရှိခဲ့ပါကြောင်း၊ ဂုဏ်ထူးအများဆုံးရဘာသာရပ်မှာ ဇီဝဗေဒဖြစ်ပြီး (၁၁၅၆)ဦး ဂုဏ်ထူးရရှိခဲ့ပါကြောင်း၊ ဂုဏ်ထူးရ အနည်းဆုံးဘာသာမှာ ရူပဗေဒဖြစ်ပြီး (၃၆)ဦး ဂုဏ်ထူးရရှိခဲ့ပါကြောင်း၊ ၂၀၂၂ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ (၁၅၆၇၈)ဦးရှိခဲ့ပြီး အောင်မြင်သူ(၆၄၄၃)ဦး ရှိခဲ့ပြီး အောင်ချက်ရာနှုန်းမှာ (၄၁.၁၀)ရာနှုန်းဖြစ်ပြီး ဂုဏ်ထူးရသူ(၂၃၃၇)ဦး ၊ဂုဏ်ထူးအများဆုံးရ ဘာသာရပ်မှာ ဘောဂဗေဒဖြစ်ပြီး(၁၁၂၃)ဦး ဂုဏ်ထူးရရှိပြီးဂုဏ်ထူးရ အနည်းဆုံးဘာသာရပ်မှာ အင်္ဂလိပ်စာ ဖြစ်ပြီး (၁၃)ဦးဂုဏ်ထူးရရှိခဲ့ပါကြောင်း၊ ၂၀၂၀ပြည့်နှစ်မှာ ပြည်နယ်/တိုင်းအလိုက် အောင်ချက်ရာ နှုန်းအဆင့် (၁၆)နေရာမှာရှိခဲ့ပြီး ၂၀၂၂ခုနှစ်မှာ အောင်ချက် ရာနှုန်းအဆင့်(၁၆)နေရာတွင် ဆက်လက်တည်ရှိမြဲ ဖြစ်ပါကြောင်း၊ လာမည့်၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပြည်နယ်/တိုင်းဒေသကြီးအလိုက် အောင်ချက်ရာနှုန်းအဆင့် ပိုမိုမြင့်မားလာစေရန် ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း၊ အထက်တန်းပြ ဆရာ၊ ဆရာမများအနေဖြင့်လည်း အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ပါမောက္ခ၊ ဆရာ၊ ဆရာမများနှင့် ဆွေးနွေးမှတ်သားခဲ့ကြသည့် အကြောင်းအရာများကို တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအား ထိထိရောက်ရောက် ပြန်လည်ပို့ချနိုင်မှသာလျှင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်မှာဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလုပ်ရုံဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်လွင်မှ လက်ခံရယူသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ စုစုပေါင်း (၁၂၉၂)ဦးတက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဇူလိုင်(၁၆)ရက်မှ(၁၇)ထိ၊ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄) ကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)