ဒိုက်ဦးမြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ဆောင်ရွက်

ဒိုက်ဦး ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်အရ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စီမံခန့်ခွဲမှုနှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျိုက်စကောအရှေ့ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးမြင့်ကြည်နှင့် တိရစ္ဆာန်မွေးမြူသူများ ပူးပေါင်း၍ ကျိုက်စကောအရှေ့ကျေးရွာ ဦးမောင်ကြည်၏ နွားခြံတွင် ယမန်နေ့နံနက်ပိုင်းက ပိုစတာများစိုက်ထူခြင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ခွာနာလျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ဒိုက်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစုငွေလှိုင်က မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ရောဂါဖြစ်ပွားမှု ပေါ်ပေါက်လာပါက အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်တုန့်ပြန်ရေး အဖွဲ့များအနေဖြင့် ရောဂါကာကွယ်/ထိန်းချုပ်ရေးဆိုင်ရာ သဏ္ဍာန်တူ လေ့ကျင့်ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)