အောင်လံ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေးကို Online ဖြင့် သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အောင်လံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်အတွင်း ဆောင်ရွက်ပြီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များအား အခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ဖြစ်စေရေးအတွက် Program စနစ်တစ်ခုဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကိုသိရှိနိုင်ရန် လိုအပ်လာလျှင်လည်းကောင်း၊ မှန်ကန်တိကျသော အထောက်အထားများကို အမြန်ဆုံးသိရှိအထောက်အကူဖြစ်စေရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အောင်လံခရိုင်ဦးစီးမှူးရုံးမှ သိရသည်။ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေးသင်တန်းသို့ အောင်လံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)