မယ်စဲ့ ဇူလိုင် ၁၅
မြန်မာနိုင်ငံသို့ ပြည်ပမှပြန်လာသူများတွင် (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိခဲ့သဖြင့် မိမိတို့မြို့နယ်အတွင်းသို့ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြုဆရာမ ဒေါ်နန်းဝန်းကြည်ဦးဆောင်၍ ကျန်းမာရေးဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား။၊ ကျောင်းသူများ၊ အသက် ၁၂ နှစ်အထက် ပြည်သူများ၊ ဆရာတော် သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်း၊ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝတ်ရည်