မြို့သစ် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် Covid – 19 စီးပွားရေးကုစားမှုအစီအစဉ်(CERP) အရ မိုးစပါးမျိုးသန့်ထုတ် (RS to CS) ၄၂၀ ဧကကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လကစတင်၍စိုက်ပျိုးလျက် ရှိရာ ယခုအခါတွင် မိုးစပါး မျိုးသန့်ထုတ်ဧက အားလုံးစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အဆိုပါ မိုးစပါးမျိုးသန့်ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုး စေ့ထုတ် (၄၂၀) ဧကအတွက် စိုက်ပျိုးရန်မျိုးဖိုး၊ စိုက်ပျိုးပြုစုလုပ်သားခ၊ မျိုးကွဲနုတ်ပယ်လုပ်သားခ၊ မျိုးသန့်စရိတ်များအတွက် တောင်သူများအား စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၂,၉၈၅,၀၀၀/-)တိတိကို ထောက်ပံ့ပေးခဲ့ကြောင်း၊ မြို့သစ်မြို့နယ်တွင် နှစ်စဉ် မိုးစပါးစိုက်ဧက(၆)သောင်းကျော် နှင့်နွေစပါး စိုက်ဧက(၃)ထောင်ကျော်ဖြင့် စုစုပေါင်း စပါးစိုက်ဧက (၆၅၀၀၀)ခန့် စိုက်ပျိုးလျက ်ရှိကြောင်း၊ ယခုကဲ့သို့ဌာနနှင့် တောင်သူများပူးပေါင်း၍ စပါးမျိုးသန့်ထုတ်လုပ်ငန်းအရ လာမည့် စပါးစိုက်ရာသီအတွက် စပါးမျိုးသန့်တင်းပေါင်း (၃)သောင်းခန့်ရရှိနိုင်ရန် မျှော်မှန်း ထားရှိကြောင်း၊ စိုက်ခင်းလုပ်ငန်းအဆင့် တိုင်းတွင် လိုက်နာရမည့်နည်းစနစ်များကို တောင်သူများ အနေဖြင့် တိကျစွာဆောင်ရွက်ရန် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ မျိုးသန့် မျိုးပွားမျိုးစေ့ထုတ်တောင်သူများစုဖွဲ့ပြီး မျိုးစေ့ထုတ်လုပ်ငန်း ပိုမိုခိုင်မာလာ စေရေးနှင့် အစုအဖွဲ့အလိုက် စုပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်လင်းထံမှသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)