ဓနုဖြူ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထောက်ပံ့သော တိရစ္ဆာန်သုံး ဆေးဝါးများဖြင့် ကုသခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကဇွန်းအင်းကျေးရွာတွင် တောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများကို ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုအပ်သောကုသမှု လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်လင်း ဦးဆောင်၍ အခြေခံတိရစ္ဆာန် ကျန်းမာရေး လုပ်သားများက ကျေးရွာနေပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထောက်ပံ့သော တိရစ္ဆာန်သုံး ဆေးဝါးများဖြင့် ကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပေါ် တတ်သည့် ရောဂါများအကြောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ အကြောင်းနှင့် ရောဂါလက္ခဏာများ တွေ့ရှိပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးသို့ အသိပေး အကြောင်းကြားရန်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျေးရွာများတွင်လည်း ကွင်းဆင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)