ဂန့်ဂေါ စက်တင်ဘာ ၁၀
COVID-19 စီးပွားရေးကုစားမှုအခြေအနေအရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေများ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ ချောင်းခွကျေးရွာ၌ စက်တင်ဘာ ၈ ရက်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းဖြင့် ချောင်းခွကျေးရွာ၌ ကျေးရွာတွင်းလမ်းအရှည်ပေ ၂၀၀၀၊ အကျယ် ၁၂ပေ၊ ၉ လက်မထု၊ ကျေးရွာတွင်းလမ်းအရှည်ပေ ၁၆၀၀၊ အကျယ် ၁၈ ပေ၊ ၉ လက်မထုဖြင့် ကျောက်ရော မြေခင်းခြင်းလုပ်ငန်းနှင့် လမ်းမကြီးဘေး ဝဲ၊ ယာတွင် ရေမြောင်းအရှည်ပေ ၃၆၀၀၊ အကျယ် ၁ ပေ ၆ လက်မ၊ အနက် ၂ ပေရှိသော ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ကျေးရွာပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုသို့လုပ်ငန်းပြီးစီးမှုအခြေအနေအား ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးနှင့် တာဝန်ရှိသူတို့က သွားရောက်စစ်ဆေးပြီး လုပ်ငန်းများ ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်သည့်အတွက် ရေစီးရေလာစနစ်နှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အဆင် ပြေ လွယ်ကူမည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)