ပေါက်ခေါင်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ နေ့လည်က ကုန်းတန်းကျေးရွာသို့ ကွင်းဆင်း၍နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေသောက်ဧရိယာ အတွင်းပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမို စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထုတ်ကုန်များထုတ်လုပ်မှုနှင့် ပက်သက်၍ အသိပညာပေးဆွေးနွေးမှုများနှင့် လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများက စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး ၊စိုက်ပျိုးရေးဦးစီးဌာနမှ အပင်ကိုင်းကူး ကိုင်းဆက်ပြုလုပ်သုံးစွဲနည်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များရောဂါ ကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းစနစ်များအား လက်တွေ့သရုပ်ပြဆောင်ရွက် ပေးခဲ့သည်။ အဆိုပါနည်းပညာပေးသင်တန်း ဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လဝက၊ ကျေးလက်၊ မွေး/ကု၊ စက်မှုလယ်ယာ၊ စားသုံးသူ၊ မြေစာရင်းနှင့် ဆည်မြောင်းဦးစီးဌာန တို့ကကျေးရွာအရောက် ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)