ပွင့်ဖြူ စက်တင်ဘာ ၁၀
နိုင်ငံတော်မှ လူသားချင်းစာနာ ထောက်ထားမှုအစီအစဉ်ဖြင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လူမှုရေးပင်စင် ထောက်ပံ့ ငွေများကို (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများကို (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ)လအတွက် ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးမှ သိရ သည်။
ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု ၊ ကျေးရွာ ပေါင်း (၂၀၄)ရွာရှိပြီး နိုင်ငံတော်မှ ထောက်ပံ့သော လူမှုရေးပင်စင် ထောက်ပံ့ငွေ အကျိုးခံ စားခွင့်ရရှိသည့် အသက်(၈၅)နှစ် အထက် အဘိုးအဘွား ၉၄၀ ဦး ရှိကြောင်း သိရသည်။ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ)လအတွက် နိုင်ငံတော်မှ အဘိုးအဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ အဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်မှ ကိုဗစ် - ၁၉ ကာလ မသန်စွမ်းသူများ စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် မြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၂၂၄ ဦးအတွက်ကိုလည်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်မှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ ကျေးရွာများရှိ အဘိုးအဘွား များနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရ သည်။
ရဲဝင်းနိုင် ( ညောင်ဦး )