တွန်းဇံမြို့၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်

တွန်းဇံ  စက်တင်ဘာ  ၁၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် မသန်စွမ်းသူများအားထောက်ပံ့ ငွေပေးအပ်ခြင်း နှင့် စေတနာ့ဝန်ထမ်း များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်‌နေ့ နံနက်(၁၁)နာရီအချိန်တွင် ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာလျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေး သည့် ပစ္စည်းများကို အကျိုးရှိရှိ အသုံးပြုစေလိုကြောင်း၊  ယနေ့အခမ်းအနားသို့ တက်ရောက်လာနိုင်ခြင်းမရှိသော တွန်းဇံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ အတွက် ထောက်ပံ့ပေးသော ထောက်ပံ့ ငွေများနှင့် အခြားထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် မသန်စွမ်း သူများ၏ လက်ဝယ်သို့ ပြည့်ပြည့်ဝဝရောက်ရှိအောင် ဆောင်ရွက်ပေးကြ စေလိုကြောင်းအဖွင့်အမှာ စကားပြောကြား သည်။

ဆက်လက်၍ တွန်းဇံမြို့နယ်အတွင်း မသန်စွမ်းသူ(၆၆၄)ဦး ရှိသည့်အနက် (၁၃၁)ဦးအား တစ်ဦးလျှင်ကျပ် (၃၀၀၀၀/-)နှုန်းဖြင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က နိုင်ငံတော်မှထောက်ပံ့ပေးသည့် PPE ဝတ်စုံ(၁၆)စုံ၊ ဦးထုပ်(၆၂)လုံး၊ Face Shield(၂၄၀)ခု၊ လက်အိတ်(၂၄၀)ခု၊ Mask (၂၄၀)ခု၊ မိုးကာ(၂၄၀)ခုနှင့် လက်သန့်ဆေးဗူး(သေး)(၆၂)ဗူးကို စေတနာ့ဝန်ထမ်းထံသို့ လွှဲပြောင်းပေး အပ်ခဲ့သည်။

ထို့နောက် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ(၇၂၀၀၀၀/-) ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)