ဒက္ခိဏသီရိမြို့နယ်တွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအကြောင်းနှင့် တိရိစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြော

ဒက္ခိဏသီရိ ဇူလိုင် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအကြောင်းနှင့် တိရိစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး တာဝန်ခံ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသိန်းလွင်မှ တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သည့် ခွာနာလျှာနာရောဂါ၊ ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါများနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိရစ္ဆာန်အစာပင်(နေပီယာ)မြက်များစိုက်ပျိုး၍ လွှတ်ကျောင်းစနစ်မှ ခြံ‌လှောင်စနစ်သို့ ပြောင်းလဲမွေးမြူခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် မွေးမြူရေးလုပ်ငန်းမှ တစ်ဖက်တစ်လမ်း ဝင်ငွေများရရှိစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးက ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအား စနစ်တကျ လိုက်နာကျင့်သုံးခြင်းဖြင့် မွေးမြူရေးလုပ်ငန်းမှ ဆုံးရှုံးမှုလျော့နည်းသက်သာစေ၍ အောင်မြင်ဖြစ်ထွန်းစေရုံသာမက မွေးမြူသူတောင်သူများအတွက် ပိုမိုအကျိုးရှိစေကြောင်း၊ တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တစ်နိုင် မွေးမြူရေးမှ စီးပွားဖြစ်မွေးမြူရေးသို့ ပြောင်းလဲမွေးမြူခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများ တိုးပွားစေနိုင်ပါကြောင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်လည်လိမ်ရောဂါကာကွယ်ဆေး မျက်စဉ်းဆေးများ အခမဲ့ဖြန့်ဖြူးပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်း လိုင်ကိုင်သည့် ကျေးလက်နေပြည်သူများအား မွေးမြူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)