ဟိုပန် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်နေ့ တစ်နေ့ဖြစ်သည့် အာဇာနည်နေ့အား အစဉ်ထာဝရ အမှတ်ရစေရန်၊ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်စိတ်ဓာတ်များ ကိန်းအောင်းကြစေရန်နှင့် တိုင်းပြည်ကိုချစ်မြတ်နိုးပြီး နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် သားကောင်းသမီးကောင်းများ ဖြစ်လာကြစေရန်တို့ကို ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီကက ဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျင်းပပြုလုပ်ရာတွင် ဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ၊ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဝေဝေလွင်အောင်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)