ငပုတော ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အခြေခံပညာ အထက်တန်းကျောင်း သပြေနုဆောင်တွင် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အစဉ်လေးစားဂုဏ်ပြုသော အားဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမှတ်ရနေစေရန် တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးမှုရှိ ကျွမ်းဝင်မှု ရှိစေရန်၊ ညဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ လိမ္မာယဉ်ကျေးပြီး ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာ စေရန်နှင့် နိုင်ငံတော်၏ သားကောင်းရတနာလေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အာဇာနည်နေ့နှင့် ယနေ့ လူငယ်" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးမှလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "အာဇာနည်ဖွား တိုင်းရင်းသား" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၇)ဦးတို့မှ လည်းကောင်း၊ အလယ်တန်း အဆင့်ကဗျာ ပြိုင်ပွဲတွင် "အာဇာနည်နေ့ မြင်ကွင်း "ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးတို့မှ လည်ကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ဆယ့်ကိုးဇူလိုင်မေ့ပါနိုင်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ပန်းချီပြိုင်ပွဲ တွင် "အာဇာနည်နေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀) ဦး၊ စုစုပေါင်း(၅၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သူ(ငပုတော ၊ပြန်/ဆက်)