အိမ်မဲ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံး လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း နိုင်ငံခြားသား ဝင်ထွက်သွားလာမှုရှိလျှင် အသေးစိတ်ကအစ တင်ပြကြရန်၊ ရုံးစာရွက်စာတမ်းများ လုံခြုံရေး ဂရုစိုက်ရန်၊ မြို့နယ် သန့်ရှင်းသာယာလှပဖို့ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဝါဆိုသင်္ကန်းကပ်မည့် အစီအစဉ်နှင့် ဝါတွင်းကာလ အာရုံဆွမ်း ကပ်လှူမည့် အစီအစဉ်၊ နေကြာစိုက်ပျိုးဧက ပြည့်မှီရေးဆောင်ရွက်ရန်၊ ခရိုင်တွင် ပြိုင်ပွဲဝင်မည့် ဆို၊ က၊ ရေး၊ တီး ဝင်ရောက် ယှဉ်ပြိုင်မည့် သူများအား camp သွင်းနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အပိုထပ်ဆောင်း ထိုးနှံပေးမည့်အကြောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က မြို့နယ်အတွင်း Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် ဆောင်ရွက်ထားသည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများ အားဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)