ကြို့ပင်ကောက်မြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ

ကြို့ပင်ကောက် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကို ဇူလိုင်လ ၁၄ ရက်နေ့နံနက် ၉ နာရီက ကြို့ပင်ကောက်မြို့၊ အ.ထ.က(ပန်းတင်)ကျောင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ မြန်မာစာစွမ်းရည်တိုးတက်မြင့်မားလာစေရန်နှင့် နိုင်ငံခေါင်းဆောင်အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အာဇာနည်စိတ်ဓာတ်များ ရရှိစေရန်အတွက်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အ.ထ.က(ပန်းတင်)ကျောင်းစာစီစာကုံးပြိုင်ပွဲကို သမိုင်းတွင်သည့် အာဇာနည်ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူ(၆)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၇)ဦး၊ က‌ဗျာပြိင်ပွဲတွင်(၁၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပန်းချီပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများကို ခေါင်းစဉ်သတ်မှတ်ပေးထားခြင်းမရှိဘဲ မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကြောင်း အ.ထ.က(ပန်းတင်)ကျောင်းအုပ်ဆရာကြီးထံမှသိရသည်။

ယင်းသို့(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြိုင်ပွဲတွင်ဆုရရှိသူများကို ဂုဏ်ပြုဆုများထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)