ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ထုတ်ပေးထားရှိသော အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချောက် ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ထုတ်ပေးထားရှိသော အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော် ကအဖွင့်အမှာစကား ပြောကြားရာတွင် အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်မည့်လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး၊ သင်တန်းဖွင့်လှစ်သင်ကြားမည့် အခြေအနေများနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရမည့် အခြေအနေများအား ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ချောက်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ(၆၆/၆)များအား Softwar  Programဖြင့် ထည့်သွင်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ဇော်တင့်မှ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြခဲ့သည်။ ချောက်မြို့နယ်အတွင်း အိမ်ထောင်စု (၅၆၂၀၆)စု အားစာရင်း ပြုစုရမည်ဖြစ်ပြီး ဇူလိုင်လ (၁၄)ရက်နေ့တွင် စာရင်းရေးသွင်းမှုနှင့်ပတ်သက်၍ လက်တွေ့လုပ်ကိုင်မည့်သူများအား  သင်တန်းပေး၍ လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဌာနဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)