ဆိပ်ဖြူမြို့နယ်တွင် သဘာ၀ဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

ဆိပ်ဖြူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် သဘာ၀ဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းကို ယနေ့ နံနက် ၉နာရီက မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွင် ကျင်းပသည်။

အဆိုပါ သင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မိမိတို့၏ ရပ်ရွာဒေသများ၌ ဖြစ်ပေါ်တတ်သည့် သဘာ၀ဘေးအန္တရာယ်များနှင့် လူတို့ကြောင့် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များကို လျော့ပါးစေရေးနှင့် ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင်ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ သဘာ၀ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ လုပ်ငန်းတာဝန် အကြောင်းသိကောင်းစရာများ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများအား သဘာ၀ဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် သဘာ၀ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းကို ယနေ့မှ ၁၅ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာများအကြောင်း၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သတင်းချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၊ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းဆိုင်ရာ ဘာသာရပ်များကို အသီးသီး ပို့ချ သင်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းတို့မှ သင်တန်းသား/သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။                                                             

ကိုဇွဲ (အညာမြေ)